09 889 965651
ပြည်မြို့လို့​ပြောလိုက်ရင် မြန်မာပြည်မှာ မသိသူမရှိ​လောက်​အောင် ထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင် သ​ရေ​​​ခေတ္တရာမြို့​ဟောင်းကလည်း ပြည်ရဲ့ ​ကျော်ကြားမှုကို ထပ်မံအားဖြည့်​ပေး​နေပါတယ်။ သွား​ရေးလာ​ရေးအရကြည့်မယ်ဆိုရင်လည်း ရန်ကုန်က​နေ ပြည်အထိ​ပေါက်တဲ့ ​ရန်ကုန်-ပြည်လမ်းက အင်မတန် ​သွားလမ်းလာလမ်းသာသလို မီးရထားနဲ့သွားမယ်ဆိုရင်လဲ အဆင်​ပြေလှတဲ့မြို့ပါ။ တပြည်သူမ​ရွှေထား ရှိရာ ပြည်မြို့ကို လွန်ခဲ့တဲ့နှစ်​အနည်းငယ်က ကျွန်​တော် သွား​ရောက်လည်ပတ်ဖြစ်ခဲ့ပုံလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
💎ပြည်မြို့တခွင် လည်​စေချင်
ပြည်မြို့မှာ လည်ပတ်စရာ ထူးခြားတဲ့နေရာတွေကအများကြီးပါ။ ပထမဆုံးတစ်ရက် မြို့ထဲမှာရှိတဲ့ဘုရားတွေအရင်ဖူးမယ်၊ အထင်ကရနေရာတွေ သွားမယ်၊ သရေခေတ္တရာမြို့ဟောင်းဝင်လည်မယ်။ ဒုတိယရက်မှာ နံနက်စောစောလေး အကောက်တောင်သွားမယ်။ ဒီလောက်ဆိုရင် နေရာအကုန်နှံ့ပါတယ်။
💎ပြည်ရွှေဆံတော်ဘုရား
ပြည်မြို့ရဲ့ ကျက်သရေဆောင် အထင်ကရဘုရားတစ်ဆူဖြစ်သလို ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏဂုံဘုရားရှင်၏ အံသကိုဋ် သင်္ကန်းတော်၊ ကောဏဂုံဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ ဆံတော်လေးဆူနဲ့ နီသီဒိုင်ဓမ္မဒဏ်အခင်းတော်တို့ကို ဌာပနာထားတဲ့ စေတီတော်မြတ်ကြီးပါ။ ဒီစေတီတော်ကြီးရဲ့ထူးခြားမှုတွေအများကြီးထဲက တစ်ခုကတော့ မွန်ထီးတော်နဲ့မြန်မာထီးတော် ထီးတော်နှစ်ဆင့်ပူဇော်ထားခြင်းပါပဲ။
ကျွန်တော်ကတော့ နံနက်စောစောလေး ဘုရားတက်ဖူးဖြစ်တယ်။ ဘုရားဖူးပြီးရင်တော့ ဆယ်ထပ်ကြီးဘုရားကိုမြင်ရတဲ့ အရှေ့ဘက်မုဒ် ပထမအောင်မြေနေရာ view က အရမ်းလှတာမို့ ရှုခင်းကြည့်ရင်း ဓါတ်ဖမ်းကြဖို့ မမေ့ကြနဲ့အုန်းနော်။
💎ဆယ်ထပ်ကြီးဘုရား
ရွှေဆံတော်ဘုရားအရှေ့ဘက် စောင်းတန်းနေရာမှာရှိတဲ့ ရုပ်ပွားတော်မြတ်ကြီးပါ။ ကုသိုလ်ရှင်ကတော့ ဆရာတော်ဦးတေဝန္တနဲ့ မြို့သူမြို့သားတွေပါပဲ။
ရွှေဆံတော်ဘုရားဝင်ဖူးရင်း အရှေ့ဘက်စောင်းတန်းကနေကူးပြီး ဆယ်ထပ်ကြီးဘုရားကို ဝင်ဖူးလို့ရပါတယ်။
💎ရွှေဘုံသာမုနိဘုရား
ပြည်မြို့တဘက်ကမ်း၊ ဆင်တဲဘက်ကမ်း ဧရာဝတီမြစ်ကမ်းနဖူးဘက်မှာ တည်ရှိတဲ့စေတီတော်မြတ်ကြီးပါ။
သမိုင်းကြောင်းအကျဉ်းအရတော့ မုနိလေးဆူမှာ တစ်ဆူဖြစ်တဲ့ ရွှေဘုံသာမုနိရုပ်ပွားတော်မြတ်ကြီးကို ပြည်ဘုရင်သတိုးဓမ္မရာဇာ တည်ထားခဲ့တဲ့ ရွှေဘုံသာစေတီတော်မြတ်ဌာပတိုက်အတွင်းမှာ ထည့်သွင်းပူဇော်ထားလို့ ရွှေဘုံသာမုနိစေတီတော်မြတ်လို့ခေါ်တွင်ခဲ့တာပါ။
ရွှေဘုံသာမုနိဘုရားရောက်ခဲ့ရင် ဆွမ်း၊ ရေချမ်းပွဲလေးတွေကို ၁ ပွဲ ၁၀၀၀ ကျပ်နဲ့ ဝယ်ပြီးဘုရားမှာကပ်လှူလို့ရပါတယ်။ ဘုရားမှာရောင်းတဲ့ ပြောင်းဖူးမီးဖုတ်နဲ့ သရက်ပြင်တို့ကလည်း နာမည်ကြီးတာမို့ စားခဲ့ကြဖို့ မမေ့ကြနဲ့ဦးခင်ဗျာ။
💎ပရဟိတအောင်တော်မူစေတီ
ဒေသခံတွေကတော့ သရုပ်ဆောင် ဦးကျော်သူတည်ထားတဲ့ဘုရားမို့ ကျော်သူဘုရားလို့ အလွယ်ခေါ်ကြတဲ့စေတီတော်မြတ်ပါ။ ရွှေဘုံသာမုနိကနေ မြောက်ဘက်ကို ၁၀ မိနစ်လောက် ကားစီးလာလိုက်ရင်ရောက်ပါတယ်။ လမ်းကတော့ မြေသားလမ်းနဲ့ ကျောက်သားလမ်းရောနေတာမို့ အတက်အဆင်း နည်းနည်းကြမ်းပါတယ်။ အောက်ပိုင်းမလွတ်တဲ့ကားတွေနဲ့ ကားကြီးတွေတော့ဝင်လို့ အဆင်မပြေပါဘူး။ ကျွန်တော်တို့ကတော့ ရွှေဘုံသာမုနိရှေ့မှာရှိတဲ့ တုတ်တုတ်စီးပြီးပဲသွားလိုက်တယ်။
ပရဟိတတောင်ပေါ်မှာတည်ထားတဲ့ စေတီတော်ကိုဖူးမြင်ရင်း ကျောက်ဖြစ်ရုပ်ကြွင်းလိပ်ခွံကြီးကို ကြည့်ရှုလေ့လာလို့ရသလို၊ ကံငါးပါးစေတီတော်က ဘီလူးအရုပ် ပါးစပ်ပေါက်ကြီးထဲဝင်ပြီး ငရဲခန်းသရုပ်ဖော်အရုပ်တွေကိုလည်း ကြည့်လို့ရပါသေးတယ်။
💎ဖိုးဦး​တောင်ဘုရား
ဖိုးဦး​တောင်ဘုရားက​တော့ ပြည်မြို့တစ်ဖက်ကမ်းက ဖိုးဦး​တောင်​ပေါ်မှာတည်ရှိတာပါ။ ပန်း​တောင်းမြို့ရဲ့ အထင်ကရဘုရား​တွေထဲမှာ တစ်ဆူပါဝင်သလို ဘုရားရှင်ကြွချီခဲ့ရာ ​ပွေးဖို ​ပွေးမ ရာဇဝင်တွင် အမုန်းပွားခဲ့တဲ့ သမိုင်းဝင်​နေရာ​လေးလည်းဖြစ်ပါတယ်။ ​
တောင်​ပေါ်ကိုရောက်လို့ ဘုရားဖူးပြီးရင်လည်း ဧရာဝတီမြစ်ရဲ့ စတုတ္ထမြစ်ကျဥ်းကို လှမ်းမြင်ခံစားခဲ့ဖို့ မ​မေ့ပါနဲ့ဦး​နော်။
💎မင်းကြီးတောင်
ပြည်မြို့ရဲ့အထင်ကရတောင်တွေထဲမှာပါဝင်ပါတယ်။ တောင်ပေါ်မှာ ဒွတ္တဘောင်မင်းကြီးက ပန်ထွာဘုရင်မကို ဝန်ချတောင်းပန်ခဲ့တဲ့ ဝန်ချတောင်စေတီရှိသလို ဗေဒါရီဂူလည်းရှိပါတယ်။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “တပြည်သူမရွှေထား”ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့ရာ ကိုလိုနီခေတ်စံအိမ်ကြီးလည်း တောင်ပေါ်မှာရှိတာမို့ ဘုရားဖူးရင်း လေ့လာစရာတွေကအများကြီးပါ။ ပြည်မြို့ရဲ့ ညနေဆည်းဆာအလှကိုခံစားပြီး feel ချင်ရင်တော့ မင်းကြီးတာင်ပေါ် view point မှာခံစားကြည့်ပေါ့လေ။
💎အကောက်တောင်
အကောင်တောင်ကတော့ ပြည်မြို့ရဲမြောက်ဘက် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အတွင်း ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတာပါ။ နံနက်စောစောလေးသွားရင် ပိုပြီးကောင်းပါတယ်။ ပြည်မြို့ထဲကနေ ထုံးဘိုဆိပ်ကမ်းကို ကားနဲ့အရင်သွားရပါတယ်။ ဆိပ်ကမ်းကနေမှ အကောက်တောင်ကို စက်လှေငှားပြီးသွားရတဲ့ခရီးပါ။ အကောက်တောင်ကို စက်လှေစီးရင် ရေလမ်းကြောင်းအလိုက် မိနစ် ၂၀၊ ၂၅ မိနစ်လောက်တော့ကြာပါတယ်။
မြစ်ကြောင်းတလျှောက်စုံဆင်းရင်း အကောက်တောင်ကျောက်နံရံကဘုရားတွေကို အေးအေးဆေးဆေး ဖူးလို့ရပါတယ်။ တောင်ပေါ်မှာက ရှုခင်းကြည့်လို့အရမ်းလှသလို ဗိုက်ဆာရင်လည်း အကောက်တောင်ဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ်ခေါက်ဆွဲ ဝင်ဆွဲလို့ရပါသေးတယ်။
💎ဘုရားကြီး
ပြည်-အောင်လံ ကားလမ်းမဘေးမှာတည်ရှိတာပါ။ ကုသိုလ်ရှင်ကတော့ ဒွတ္တဘောင်မင်းကြီးဖြစ်ပြီး စေတီတော်ကြီးထဲမှာတော့ ဘုရားရှင်ရဲ့ လက်ယာခြေမတော်မှဖြစ်သော ခြေသည်းတော်နဲ့ ဓာတ်တော်တစ်ဆူတို့ကို ထည့်သွင်းဌာပနာထားတယ်လို့ သိရပါတယ်။ ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့တဲ့ ပျူစေတီကိုးဆူမှာ တစ်ဆူပါဝင်သလို မြန်မာနိုင်ငံရဲ့ စေတီတည်ထားကိုးကွယ်မှုသမိုင်းမှာလည်း အစောဆုံးပါဝင်တဲ့ စေတီတစ်ဆူလည်းဖြစ်ပါတယ်။
💎နဂါးတွန့်တံခါးပေါက်
ပြည်-ပေါက်ခေါင်း ကားလမ်းမဘေး သရေခေတ္တရာမြို့ဟောင်း အနောက်မြောက်ဘက်မှာ တည်ရှိတဲ့တံခါးပေါက်ကြီးပါ။ ပြန်လည်တူးဖော်ထားတဲ့ တံခါးပေါက် ၉ ပေါက်မှာ တစ်ခုပါဝင်ပါတယ်။ သရေခေတ္တရာမြို့ဟောင်းကိုလာရင် ခရီးသွားဧည့်သည်တွေအများဆုံးဝင်လည်တဲ့ နေရာလို့တောင်ပြောလို့ရပါတယ်။ နဂါးတွန့်တံခါးအုတ်မြို့ရိုးရှေ့မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် UNESCO အသိအမှတ်ပြု ကျောက်တိုင်ကြီးကို ဂုဏ်ယူဝင်ကြွားစွာတွေ့ရမှာမို့ အမှတ်တရဓါတ်ဖမ်းခဲ့ကြပါဦးနော်။
💎သရေခေတ္တရာမြို့ဟောင်း
ကမ္ဘာအမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းကို ပြည်မြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာမှာရှိတာပါ။ ပြည်ကနေ ကားနဲ့သွားရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်သွားရပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်း ၃ မြို့ထဲမှာလည်း အကြီးဆုံးမြို့ဟောင်းဖြစ်ပါတယ်။ ရှေးသုပညာရှင်တွေရဲ့ အဆိုမှာတော့ သရေခေတ္တရာမြို့ကို ခရစ်နှစ်(၄)ရာစုမှာ ထူထောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းနဲ့ သရေခေတ္တရာမှ စာပေအထောက်အထားအချို့မှာတော့ အေဒီ (၄ – ၆) ရာစုမှာ ပေါ်ပေါက်ဖွံဖြိုးလာခဲ့တာလို့ သိရပါတယ်။ မြို့ဟောင်းထဲကိုတော့ ဆိုင်ကယ်၊ ကားတို့နဲ့ လည်ပတ်ကြသလို တချို့လည်း နွားလှည်းလေးတွေစီးပြီး လည်ပတ်ကြပါသေးတယ်။
မြို့ဟောင်းမှာတော့ ထင်ရှားတဲ့ ဘောဘောကြီး၊ ဘဲဘဲကြီး၊ ဘုရားမာ၊ အောင်မြင်ဗာဟု၊ ရဟန္တာဂူ နဲ့ ရဟန္တာကန်၊ ဘုရားထောင်၊ အရှေ့စျေးဂူဘုရား၊ လေးမျက်နှာဂူဘုရား စတဲ့ဘုရားတွေကိုဖူးမြော်ရင်း ပျူခေတ်လက်ရာ၊ ယဉ်ကျေးမှုအငွေ့အသက်နဲ့ ပုဂံထက်စောတဲ့ ရှေ့ပြေးလက်ရာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရမှာပါ။ သုံးပန်လှဘုန်းကြီးကျောင်းနဲ့ လက်သည်းကန်၊ မှော်ဇာ သီရိခေတ္တရာပြတိုက်(ဝင်ကြေး မပေးရပါဘူး)၊ နန်းတော်ရာ၊ ဗိဿနိုးမိဖုရားသင်္ချိုင်းတော်၊ မသီးကျကုန်း၊ ခင်ဘကုန်း စတဲ့နေရာတွေကိုလည်း အချိန်ရရင်ရသလို လေ့လာလည်ပတ်လို့ရနိုင်ပါသေးတယ်။
ကိုးကား – (မာန်သစ်ငြိမ်း-ရှေးဟောင်းသုသေတန)
💎အောင်မြင်ဗာဟုဘုရား
​အောင်မြင်ဗာဟုဘုရားက​တော့ ပြည်မြို့ရဲ့တောင်ဘက်ခြမ်းမှာတည်ရှိတာပါ။ ဘော​​ဘောကြီးဘုရားဖူးပြီးလို့ ​တော​လမ်း​လေးအတိုင်း ဆက်သွားလိုက်ရင်တော့အောင်မြင်ဗာဟုဘုရားဆီကို​ရောက်ပါတယ်။
ဒီဘုရားကြီးရဲ့ မူလဘုရားဒါယိကာ ကုသိုလ်ရှင်​တွေက​တော့ သိရီဒွတ္တ​ဘောင်မင်းကြီးနဲ့ သိရီစန္ဒါ မဟာ​ဒေဝီမိဖုရားတို့ပဲဖြစ်ကြပါတယ်။
ဘုရား​မှာ​တော့ ထူးခြားမှုအ​နေနဲ့ ဒွတ္တ​ဘောင်မင်းကြီး နန်းဦးမှာ ကိုးကွယ်ပူ​ဇော်ခဲ့တဲ့ ​အောင်မြင်ဗာဟုရုပ်ပွား​တော်ကို ဖူး​​​​တွေ့နိုင်သလို ​ရှေး​ဟောင်း ​အောင်​မြေမဟာ သိမ်​တော်မြတ်ကိုလည်း ​လေ့လာလို့ရနိုင်ပါ​သေးတယ်။
💎ဒီပါအေးဆု​တောင်းပြည့်​ ဗောဓိတစ်ထောင်ဘုရား
ဒီပါ​အေးဆု​တောင်းပြည့်​ ဗောဓိတစ်​ထောင်ဘုရား​တွေက​တော့ ပန်းတောင်းမြို့နယ်၊ ပြည်-ကံမ သွား ကားလမ်းပေါ်မှာတည်ရှိတာပါ။ ဘုရားသမိုင်းအရ ဆရာ​တော် ဦးဝိမလဟာ ​ပျူခေတ်က ပျက်စီး​နေတဲ့ ​စေတီကုန်း​နေရာမှာပဲ ​စေတီအသစ်တစ်ဆူနဲ့ ​ဗောဓိတ​​စ်ထောင်ဘုရား​တွေကို ပြန်လည်တည်ထားခဲ့တာလို့သိရပါတယ်။
ပြည်မြို့ရဲ့ ၁၀ မိုင်အကွာ​လောက်မှာပဲ တည်​ရှိနေတာမို့ သွား​ရောက်သင့်တဲ့ ဘုရား​တွေထဲမှာ ပါဝင်​နေပါ​သေးတယ်။
💎ရွှေမျက်မှန်ဘုရား
ပြည်မြို့နဲ့နီးတဲ့ ရွှေတောင်မြို့မှာတည်ရှိတာပါ။ ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင်ရုပ်ပွားတော်မြတ်ကြီးဖြစ်သလို မျက်စိဝေဒနာ ခံစားရသူတွေ သွားရောက်ဆုတောင်းပါက ရောဂါဝေဒနာပျောက်ကင်းကြတယ်လို့သိရပါတယ်။
💎ရွှေနတ်​တောင်​စေတီ
“လူနတ် နှစ်လီ တစ်ရစ်စီ စေတီရွှေနတ်တောင်” ဆိုတဲ့ စာချိုး​​လေးအတိုင်း နာမည်ကြီးတဲ့ ရွှေနတ်​တောင်​စေတီက​တော့ ​ရွှေ​တောင်မြို့မှာ တည်ရှိတာပါ။ ​​ရှေး​ဟောင်းသမိုင်းဝင်​စေတီတဆူမို့ ​ရွှေ​တောင်ဘက်ရောက်ခဲ့ရင် မဖြစ်မ​နေ ဝင်​ရောက်ဖူး​​မြော်ခဲ့ဖို့ တိုက်တွန်းလိုက်ပါ​စေ။
💎ရဟန္တာရှစ်ဆယ် မဟာသိမ်တော်ကြီး
ရွှေတောင်မြို့ ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံအရှေ့ ပြည်-ရန်ကုန် ကားလမ်းမဘေးမှာပဲ တည်ရှိတာပါ။ အနောက်ဘက်လွန်မင်းတရားကြီး လှူဒါန်းထားတဲ့ သိမ်လေးလုံးထဲကမှ ပြန်လည်တူးဖော်ထားတဲ့ သိမ်တော်ကြီးလို့သိရပါတယ်။
💎ဆင်စခန်း
ပြည်မြို့နဲ့ ၅ မိုင်အကွာ ပြည်-ရန်ကုန်အဝေးပြေးကားလမ်းမနံဘေးမှာ နတ်မှော်ဆင်စခန်းရှိပါတယ်။ ဆင်ချစ်သူ​တွေအ​နေနဲ့ သွားလည်သင့်တဲ့​ နေရာ​လေးတခုလည်းဖြစ်ပါတယ်။
💎အစားအသောက်နဲ့ ဒေသထွက်လေးတွေဝယ်မယ်
အစားတလိုင်းသမားတွေအတွက်ကတော့ ပြည်မြို့နာမည်ကြီးအစားအစာတွေထဲက ပြည်ဒေါ်ဥထမင်းသုပ်ကတော့မပါမဖြစ်ပေါ့။ ကျွန်တော်ကတော့ မနက်စာကို ဖက်လေးနဲ့ထုပ်ပြီးသုပ်ပေးထားတဲ့ ဒေါ်ဥထမင်းသုပ်ကို ကြက်ဥကြော်၊ ငါးဖယ်ကြော်၊ ကြက်ဥချောင်းကြော်တို့နဲ့ ၂ ပွဲလောက်ဆွဲလိုက်မှဝတယ်။ ပြည်ဒေါ်ဥထမင်းသုပ်ဆိုင် လိပ်စာကတော့ အမှတ်(၃၈၇)၊ ပွဲစားလမ်း၊ ပြည်မြို့ပါ။
နေ့လည်စာအတွက်က​တော့ နဝဒေးတံတားလမ်းဆုံက ရွှေပြည်ထမင်းဆိုင်လည်း စားလို့ကောင်းပါတယ်။ ဆိုင်ရဲ့ ကြက်ကာလသားချက်နဲ့ ကြက်သောက်ဆမ်းကတော့ နာမည်အကြီးဆုံးနဲ့ အရသာအကောင်းဆုံးပါပဲ။
ကြက်သားပလာတာကောင်းကောင်း စားချင်ရင်တော့ ဗိုလ်ချုပ်လမ်း ဗလီရှေ့နားက ရာကွတ်ပလာတာ၊ စစ်ကဲလမ်းပေါ်က မွတ်တားပလာတာရှိပါတယ်။
ကော်ရည်ဆိုရင်တော့ လမ်းရှည်လမ်းက ဦးညွှန့်ရွှေကော်ရည်နာမည်ကြီးပါတယ်။ အီကြာကွေးလေးနဲ့ စားလို့ကောင်းမှကောင်း။ ညနေဆို ကမ်းနားဘက်မှာ sunset ကြည့်ရင်းစားဖို့ အကြော်ဆိုင်လေးတွေရှိပါတယ်။ ရွှေတောင်ခေါက်ဆွဲဆိုရင်တော့ ပြည့်မြို့နားက ဦးသိန်းရွှေ အိုဆာကာ ရွှေတောင်ခေါက်ဆွဲက မစားမဖြစ်နော်။
မြန်မာထမင်းဆိုင်ဆို ဘုရင့်နောင်လမ်းမကြီး၊ ၉ လမ်းထိပ်က ဒေါ်ချိုထမင်းဆိုင်၊ ရွှေညီအမများထမင်းဆိုင်၊
အမှတ်(၈၀၆)၊ ဗိုလ်ချုပ်လမ်းပေါ်က ရွှေခေတ္တရာထမင်းဆိုင်၊ ကန်လမ်းထဲက မေရွက်ဝါထမင်းဆိုင်၊ ယုဇနထမင်းဆိုင်၊ ပြည်-အောင်လံလမ်း၊ ဘုရားကြီးအနီးက ဖြိုးမြန်မာထမင်းဆိုင်နဲ့ အမှတ်(၁၄)၊ ကျောင်းတော်ကြီးလမ်း၊ တရုတ်စုရပ်က မေတ္တာစံအိမ်(၁)ဘူဖေး မြန်မာထမင်းဆိုင်လေးတွေရှိပါတယ်။
မုန့်ဟင်းခါးဆို တရုတ်တန်းနဲ့ လမ်းရှည်လမ်းဒေါင့်က နွယ်နွယ်မုန့်ဟင်းခါးဆိုင် နာမည်ကြီးပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းနားက ညစျေးမှာတော့ ထမင်းကြော်သုတ်၊ စိန်ပန်းသုတ်၊ အစုံသုတ်၊ အကင်မျိုးစုံအကုန်ရပါတယ်။ ပြည်ဒေသထွက် မလိုင်မြေအိုးနဲ့ မုန့်မျိုးစုံ၊ ယိုမျိုးစုံ၊ နိဗ္ဗိန္ဒတောလက်ဖတ်ထုပ်တို့ကိုပါ ညစျေးကစျေးဆိုင်တွေမှာ တလက်စထဲ ဝယ်လို့ရပါတယ်။
ပြည်မြို့ဟာ မြန်မာပြည်ရဲ့ အထင်ကရမြို့တွေထဲက တစ်မြို့ဖြစ်ပြီး လေ့လာလည်ပတ်စရာ နေရာတွေနဲ့ စျေးချိုတဲ့ အစားအသောက် အသီးအနှံ တွေလည်း ပေါများကြွယ်ဝတဲ့ ဒေသ ဖြစ်ပါတယ်။ ကဲ ကိစ္စအားလုံး ပြေပြေလည်လည် အောင်အောင်မြင်မြင် ပြီးမြောက်ချင်ရင်တော့ ထိုင်ငေးမနေတော့နဲ့၊ ပြည်ကိုသာ သွားလည်လိုက်တော့။ မပြေလည်တာတွေ ပြေလည်သွားစေရမယ် အဟုတ်
လွတ်လပ်စွာ share နိုင်ပါသည်။