09 889 965651

ဘုရားများ

ရွှေဆံတော်စေတီ

ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၌ သုဒဿနမည်သော တောင်ကုန်းငယ်တွင် တည်ရှိသော ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟု လည်း ရှေးကခေါ်တွင်ခဲ့သည်။
ပြည် ရွှေဆံတောင်ရှင်ဘုရားတွင် ကကုသန်ဘုရားရှင်၏ ဒုကုဋ်တော်၊ ကောဏဂုံဘုရားရှင်၏ အံသကိုဋ် သင်္ကန်းတော်၊ ကောဏဂုံဘုရားရှင်၏ ခါးပန်းတော်၊ ဂေါတမဘုရားရှင်၏ အံတော်လေးဆူနှင့် နီသီဒိုင်တို့ကို ဌာပနာထားသည်။
ပြည်ရွှေဆံတော်ဘုရားတွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈) ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဘရားပွဲ ကျင်းပကြသည်။ မြန်မာပြည်မြေလတ်ဒေသ ဖြစ်သဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် နေ့စဉ်စည်ကားသော တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သည်။

ဆယ်ထပ်ကြီး


ရွှေဆံတော်ဘုရားကုန်းမှာပဲ ရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီး ဖြစ်ပါတယ်.. ခန့်ညားသပ္ပါယ်လှသော ဆယ်ထပ်ကြီးဘုရားကို ရွှေဆံတော်ဘုရားကုန်းကနေပဲ ဆောင်းတန်းတစ်သွယ်နဲ့ဆက်သွယ်ထားပါတယ်..

ဝန်ချတောင်

ဝန်ချတောင်

ပြည်မြို့ မင်းကြီးတောင်ပေါ်မှာ တည်ထားကိုးကွယ်
ထားပါတယ်။ ဘုရားဘေး ဓမ္မာရုံ ထဲမှာတော့ သစ်ကနက်သားနဲ့ ထွင်းထုထားတဲ့ ရုပ်ပွားတော် တစ်ဆူထုလုပ် ကိုးကွယ်ထားပါတယ်။ အံ့သြစရာက ဘယ်ဘက်လက်ဟာ အရှင်ဖြစ်နေပါတယ်။
ဗေဒါရီဂူ

ပြည်မြို့ မင်းကြီးတောင်ပေါ်မှာရှိတဲ့ ဗေဒါရီဂူ
ရသေ့ကြီးရဲ့ကျင်ငယ်ရေကိုသောက်မိလို့သမင်မက ဗေဒါရီကိုမွေးခဲ့တယ်လို့ဒဏ္ဍာရီကဆိုပါတယ်။အရွယ်ရောက်လာလို့ လှပတဲ့သတို့သမီးနဲ့ဖခင်ရသေ့ကြီးကတချိန်လုံးအတူရှိနေဖို့ မအပ်စပ်တာကြောင့် အပ်ပေါက်လောက်ရှိတဲ့အပေါက်ဖောက်ထားတဲ့ဗူးသီးခြောက်ကိုသုံးပြီး မြစ်ဆိပ်မှာတနေကုန်ရေခပ်စေပါတယ်။ ဗေဒါရီ ရေခပ်ဆင်းတဲ့ ဂူပေါက်လို့ ဆိုကြပါတယ်။ ယခင်က ဂူအတွင်းထဲထိ ဝင်ကြသော်လည်း ယခုအခုအခါ ဂူအပေါက်ဝကို သာ ဝင်လို့ရပါတော့တယ်။

ဘုရားကြီး

သရေခေတ္တရာရဲ့ မြို့ထောင့်တစ်ခုမှာ AD ၅ရာစု၊ ၆ ရာစုကတည်းက တည်ထားတဲ့ ရှေးဟောင်းဘုရားပါ။ပြည်မြို့၏အရှေ့ဘက်ခြမ်းအတွင်းတည်ရှိပြီး မန္တလေးဘက် အထွက် ကားလမ်းဘေးကပ်ရပ်တွင်ထူးခြားထင်ရှားစွာ အလွယ်တကူဝင်ရောက်ဖူးမျှော်နိုင်ပါသည်။

သရေခေတ္တရာမြို့ဟောင်း

မြန်မာပြည်ရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း ၃ မြို့ထဲက အကြီးဆုံးနဲ့ သက်တမ်းအရှည်ဆုံး မြို့ဖြစ်ပါတယ်။ပြည်မြို့ကနေ ကား/ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက် သွားရင် ရောက်တဲ့ သရေ​ခေတ္တရာမြို့ဟောင်းဟာ အေဒီ ၄ ရာစုကနေ ၉ ရာစု အတွင်း ထွန်းကားခဲ့တဲ့ ရှေးဟောင်းပျူမြို့ဖြစ်ပါတယ်။
ဒွတ္တပေါင် မင်းကြီးပထမဆုံးတည်ထောင်ခဲ့တဲ့ သရေခေတ္တရာဟာ မင်းဆက် ၂၇ ဆက်တိုင်သာယာဝပြောစည်ပင်ခဲ့ပြီး အေဒီ ၄ ရာစု ကနေ ၉ ရာစုကြား ထင်ရှားကျော်ကြားခဲ့တဲ့ ပျူမြို့ပြနိုင်ငံများအနက် အထင်ရှားဆုံးမြို့ကြီးဖြစ်ပါတယ်။ မြို့အနေအထားဟာ စက်ဝိုင်းပုံ မကျတကျရှိပြီး မြို့ရိုး အခိုင်အခန့် နှင့်တည်ဆောက်ခဲ့ပါတယ်။
မြို့ဟောင်းထဲရောက်ရင်

  • နဂါးတွန့် တံခါးဝင်ပေါက်
  • ဘောဘောကြီးစေတီ
  • ဘုရားမာစေတီ
  • ဘုရားထောင်
  • ဘဲဘဲလေးဂူဘုရား
  • လေးမျက်နှာဂူဘုရား
  • နန်းတော်ရာဝင်ပေါက်
  • ရဟန္တာဂူဘုရား နှင့် ရဟန္တာကန်
  • ရဟန္တာတံခါးပေါက်
  • ဗိဿနိုးဘုရင်မ သင်္ချိုင်း ( ဆွေတော်မျိုးတော်တွေရဲ့ သင်္ချိုင်း)
  • သုံးပန်လှအုတ်ကျောင်း နှင့် လက်သည်းကန်
  • သရေခေတ္တရာရှေးဟောင်းပြတိုက်
  • လုလင်ကျော်တံခါး
  • အရှေ့စျေးဂူဘုရား
  • မသီးကျကုန်း
  • ခင်ဘကုန်း

အဲဒီ့နေရာတွေကို ရောက်အောင်သွားကြည့် လေ့လာကြည့်သင့်ပါတယ်။ မိုးတွင်း နဲ့ ဆောင်းတွင်းကတော့ မြို့ဟောင်းထဲမှာ အလှဆုံးပါပဲ။

ဖောင်တော်ဦးဘုရား

ဖောင်တော်ဦးပြည်-ရန်ကုန်လမ်းမကြီးဘေး ပြည်မြို့အထွက်နားလေးမှာတင်ပါ။ ကမ်းနဖူးပေါ်မှာ တည်ထားပြီး ဘုရားရဲ့အနောက်ဖက် မြစ်ကမ်းနဖူးကနေ နဝဒေးတံတားအထိ လှမ်းမြင်ရပါတယ်။ ဘုရားဖူးရင်း ညနေဆည်းဆာမှာ ဓါတ်ပုံလည်းရိုက်လို့ကောင်းပါတယ်။

ရှင်လိုဏ်ဂူဘုရား

ရှင်လိုဏ်ဂူဘုရားပြည်-ရန်ကုန်လမ်းမကြီးဘေး ပြည်မြို့အထွက်နားလေးမှာတင်ပါ။ ကမ်းနဖူးပေါ်မှာ တည်ထားလို့ ဘုရားဖူးရင်း လေညင်းခံ ညနေဆည်းဆာ အလှခံစားလို့ကောင်းတဲ့ နေရာလေးပါ။

ရွှေဘုံသာမုနိ

မုနိလေးဆူထဲက တစ်ဆူဖြစ်တဲ့ ရွှေဘုံသာမုနိရုပ်ပွားတော်သည် ပြည်မြို့ အနောက်ဖက်ကမ်း ပန်းတောင်းမြို့နယ်တွင် တည်ရှိပါသည်။ ဘုရားဖူးရင်း မြစ်ကမ်းနဖူးရှိ အသုပ်ဆိုင်၊ ထမင်းဆိုင် တို့တွင် ထိုင်၍ လေညင်းခံခြင်း၊ တစ်ဖက်ကမ်းရှိ ပြည်မြို့ အလှကိုကြည့်ခြင်း၊ ရေကျချိန် နွေရာသီ ကာလများတွင် သဲသောင်ပြင်သို့ ဆင်း၍ ဓါတ်ပုံရိုက်ခြင်း များလည်း ပြုလုပ်နိုင်ပါသည်။

ပရဟိတအောင်တော်မူစေတီ

ရုပ်ရှင်မင်းသားကြီး ဦးကျော်သူတည်ထားတဲ့ဘုရားဖြစ်ပြီး ရွှေဘုံသာမုနိဘုရား မှတဆင့်တစ်ဆက်တည်း သွားဖူးနိုင်ပါတယ်

ဖိုးဦးတောင်စေတီ
ပွေးဖူးတောင် ( ခ ) ဖိုးဦးတောင် သည် ဘုရားရှင်တို့၏သာသနာ အထင်ကရ
တောင်တော်ဖြစ်သည် ။ ပြည်မြို့ အနောက်ဖက်ကမ်း စတုတ္ထမြစ်ကျဥ်း အနီးတွင် တည်ရှိသည်။ တောင်ပေါ်က မြင်ကွင်းက အရမ်းလှလို့ အချိန်ရရင် ဘုရားဖူးရင်း သွားသင့်ပါတယ်။
အကောက်တောင်

“ဗုဒ္ဓတစ်ထောင် အကောက်တောင်” ဆိုတဲ့အတိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကမ်းပါးကျောက်နံရံများမှာ များပြားတဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြော်နိုင်ပါတယ်။ ပြည်မြို့ကနေ တစ်နာရီလောက်ကားနဲ့သွားရင် ထုံးဘိုမြို့ကို ရောက်ပါမယ်။ထုံးဘိုမြို့ အကောက်တောင် လှေဆိပ်မှ စက်လှေ စီးလုံးငှားပြီး ဧရာဝတီမြစ်ကြောတလျောက် ၄၅ မိနစ်လောက် ဆန်တက် ရင်တော့ အကောက်တောင် စေတီတော်ကို ဖူးမြော်ရမှာပါ ။
တောင်ပေါ်မှာ သားသတ်လွတ် နေ့လည်စာလည်း အမြဲကျွေးပါတယ်။

ဒီပါအေးဆု တောင်းပြည့် ဗောဓိတစ်ထောင်ဘုရား

ပြည်မြို့တစ်ဘက်ကမ်းမှာရှိပြီး ရေဆွမ်းဆရာတော် တည်ထားကိုးကွယ်တော်မူသော အေးချမ်းရာ သားသွတ်လွတ်နယ်မြေဖြစ်ပါသည်။

နဝဒေး တံတားမှ တဆင့် ဧရာဝတီမြစ်ကို ဖြတ်ပြီး
ကား၊ ဆိုင်ကယ်ဖြင့် သွားပါက မိနစ် (၂၀) ခန့် ခရီးဖြစ်ပါသည်။

ဆရာတော်၏ ဂုဏ်သတင်းကျော်ဇောမှုနှင့်အတူ
တောတောင်ရူ့ခင်းအလှပများ ဝန်းရံလျှက်ရှိသောကြောင့်
နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်
စည်ကားလျှက်ရှိပါသည်။

ရွှေနတ် တောင် စေတီ


ရွှေနတ်တောင်စေတီကို သရေခေတ္တရာ ခေတ်မှာတည်းက တည်ထားခဲ့ပြီး တပေါင်းလပြည့်နေ့ဆိုလျှင် ဘုရားပွဲများ ပြုလုပ်ကြပါတယ်။

ယခုအချိန်ထီ နွားလှည်းများဖြင့် ဘုရားဖူးလာကြသော အလေ့အထများ ကျန်နေသေးတဲ့ တစ်ခုတည်းသော ဘုရားပွဲ ဖြစ်ပါတယ်။

ရွှေမျက်မှန်ဘုရား

“ဆုတောင်းပြည့် ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” သည် ပဲခူးတိုင်း (အနောက်ပိုင်း) ရွှေတောင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါသည်။မြန်မာနိုင်ငံတွင် သမိုင်းဝင် ရွှေမျက်မှန် တပ်ဆင်ပူဇော်ထားသည့် တစ်ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်၍ ထင်ပေါ်ကျော်ကြား လူသိများသော ဘုရားကြီး ဖြစ်ပါသည်။
ဘုရားဖူးရင်း ရွှေတောင်မြို့ ဒေသစာများ ဖြစ်သည့် အရသာထူးခြားသည့် ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်မုန့်ဟင်းခါး များကိုလည်း စားသုံးကြည့်နိုင်ပါတယ်။

သွားသင့်တဲ့ နေရာလေးတွေ

ပြည်ကမ်းနား

ကမ်းနားပြည်ကမ်းနားက အကြော်၊ အကြောသုပ်၊ ကောက်ညင်းပေါင်း နဲ့ တခြားစားစရာလေးတွေစားရင်း လေညှင်းခံလို့ ကောင်း ညနေ ဆည်းဆာကြည့်လိုက်ကောင်းတဲ့ နေရာလေးပါ။

မင်းကြီးတောင် View Point

မင်းကြီးတောင်ပေါ်ကနေ ပြည်တစ်မြို့လုံးနီးပါးကို မြင်ရတဲ့ မြင်ကွင်းမျိုးကို ခံစားရမှာပါ။ တောင်ပေါ်က လှမ်းကြည့်ရင် ပြည်မြို့ကြီးရယ်၊ ဧရာဝတီမြစ်ကြီး နဲ့ အနောက်ဖက်ကမ်းက ရွှေဘုံသာ အထိပါ လှမ်းမြင်ရပါတယ်။ သစ်ပင်ကြီးတွေ ရှိလို့ အရိပ်ကောင်းပြီး အေးချမ်းတဲ့ နေရာလေးပါ။ လူသွားလူလာ နဲတဲ့ နေရာမို့လို့ လူစုနဲ့သာ သွားသင့်ပါတယ်။

တပြည်သူမရွှေထားအိမ်

မင်းကြီးတောင် ပေါ်မှာရှိတဲ့ တပြည်သူမရွှေထား ဝတ္ထု ကိုရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ကိုလိုနီခေတ်က စံအိမ်လေးကလည်း လွမ်းမောဖို့လည်းကောင်း ဓါတ်ပုံရိုက်လို့လည်း ကောင်းတဲ့နေရာလေးပါ။

ညစျေး

ပြည်ညစျေးကတော့  Foodie လေးတွေ သွားကို သွားသင့်တဲ့ နေရာလေးပါ။ ပြည်ကော်ရည်၊ မြန်မာမုန့်မျိုးစုံ၊ ကြာဆံချက် နဲ့ လက်သုပ်စုံလေးတွေ၊ အကင်စုံလေးတွေ ကနေစပြီး စားစရာ မျိုးစုံ တစ်နေရာထဲ စားလို့ရမယ့်နေရာလေးပါ။ ပြည်လက်ဆောင် ဝယ်မယ်ဆိုရင်လည်း တောလက်ဖက်၊ မလိုင်လုံး၊ ကရေကရာ၊ မရွေး ကအစ ဝယ်လို့ရပါတယ်။

ဆင်စခန်း
ပြည်မြို့နဲ့ ၅မိုင် အကွာမှာရှိပါတယ်။ နတ်မှော်ဆင်စခန်းက အနားယူအပန်းဖြေဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်သလို ပြည်မြို့ရဲ့လေ့လာလည်ပတ်သင့်တဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ဆင်တွေစီးပြီး ဆင်တွေအစာကျွေးလို့လည်းရ ဆင်လေးတွေနဲ့ ဓါတ်ဖမ်းလို့လည်းရပါတယ်။
ပြည်ကမ်းနားပန်းခြံ

အကြော်တွေဘာတွေလည်း မစားချင်ဘူး လေညင်းခံရုံ ဓါတ်ဖမ်းရုံ ပဲဆိုရင်တော့ ကမ်းနားပန်းခြံကိုသာ သွားပါ။ ခုံတန်းလေးတွေ ဒန်းလေးတွေမှာ ထိုင်ပြီး ပြည်မြို့ရဲ့ညနေဆည်းဆာအလှ ကိုလည်း အေးဆေးထိုင်ကြည့်လို့ ရပါတယ်။